Posts

အကြော်သည်မိသားစု ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
3 min read

မင်္ဂလာပါ။ ဤယနေ့ကာ ကျွန်တော် အကြော်ဝယ်စားသော နေ့ဖြစ်၏။ အကြော်ဝယ်စားသည်အား အဆန်းလုပ်နေရသေးလားဟူ၍ အငေါ်မတူး စေလိုပါ။

ကျွန်တော် ဝယ်စားမိသော အကြော်စုံ စားရသည့် အရသာမှာ ဖွယ်တယ်တယ် ။ အချဉ်ရည် ကလည်း ဈေးတွင်ရောင်းသော အချဉ်ရည်အား ငရုတ်သီးမှုန့် ထည့်ထားသည့် အချဉ်ရည်သာ ဖြစ်၏။

အကြော်တခု နှစ်ခု စားပြီးသည် နှင့် ဆက်စားလိုစိတ်မရှိတော့။ သို့သော်လည်း ပိုက်ဆံနှင့်ဝယ်စားရသည် ဖြစ်ရကာ ကြိတ်မှိတ်ကာ စားလိုက်မိ၏။ ရလဒ်ကာ လေအောင့်သလို ၊ ပြည့်အင့်သလို အီလယ်လယ် ဖြစ်လာသလို ခံစားရ၏။ ဆီမသန့်၍ ပေလော မုန့်နှစ် မကောင်းသော ကြောင့်ပေလောမသိ။

အကျိုးကျေးဇူးတခုကာ ရလိုက်၏ ။ နောက်နှောင် အကြော်စားချင်စိတ် အား တခါတည်း နိဋ္ဌိတံ သွားစေခြင်း အကျိုးကျေးဇူးပင် ဖြစ်၏။ ဤသို့ အကြော်စားရင်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျွန်တော်ကြုံတွေ့ခဲ့ရသော အကြော်သည် မိသားစုအား သတိရမိ၏။

ထိုအကြော်ဆိုင်ကာ အမည်နာမ မရှိ။ မိသားစု တစုကြော်ရောင်းသော အကြော်ဆိုင်ဖြစ်၏။ ထို အကြော်ဆိုင်သို့ ရောက်ရန် ကားလမ်းမကြီးမှ ရေမြှောင်းကို ကျော်ရ၏။ ရေမြှောင်းဟု ဆိုသော်လည်း အတော်အတန်ကြီး၍ ရေစီးရေလာ ကောင်းသော မြှောင်းကြီး ဖြစ်၏။

ထို မြှောင်းအား ဝါးတံတား ခိုင်ခိုင်ခံခံထိုးထား၏။ ထိုဝါးတံတားလေးအား ဖြတ်ကာ ခြေလှမ်း ၂၀ ခန့် လှမ်းလိုက်လျင် ကုက္ကိုလ် ပင်ကြီးတပင်တွေ့မည် ဖြစ်၏။ အကြော်ဆိုင်ကာ ကုက္ကိုလ် ပင်အောက်တွင် ဖွင့်ထားခြင်း ဖြစ်၏။

အကြော်တဲလေးမှာ အတော်အတန်ကျယ်ဝန်းကာ ဓနိမိုးထားသော တဲဖြစ် ကာအနည်းငယ်ဝဖိုင့် သော အမျိုးသမီးတယောက် အကြော်ကြော်နေ၏။ သူအကြော်ကြော်ပုံအား ရှုလောမိတ်ဆွေ။

သစ်သား ထိုင်ခုံပုလေးပေါ်တွင် ကျကျနနထိုင်ကာ ပတ်ဝိုင်း တီးနေသည်နှင့်ပင်တူနေသေးတော့၏။ သူ့ရှေ့တွင်ကာ မြေစိုက်ထားသော မိုးပြဲဒယ် ဆီအိုးကြီး နှစ်လုံးရှိ၏။ ညာဘက်ဒယ်အိုးဘေးတွင်ကာ မုန့်နှစ် ထည့်ထားသော အိုးကြီးရှိ၏။ထိုမုန့်နှစ်အိုးဘေးတွင်ကာ စကာများဖြင့် ထည့်ထား ကြော်လှော်စရာပစ္စည်းများ။

ထိုအမျိုးသမီးကာ လက်ညှိုးခန့် ဘူးသီးချောင်း သုံးချောင်ယူကာ မုန့်နှစ်အိုးထဲသို့ နှစ်လိုက်၏။ ထို့နောက် စတီးပန်ကန်ပြားငယ်လေးထဲသို့ ထည့်လိုက်၏ ။ ထို့နောက် အကြော်ဒယ်အိုးအတွင်းရှိ ဆီပူထဲသို့ လျှောချလိုက်၏။ ကျွန်တော့အနေဖြင့်စာ ဖြင့်ရေးသာနေသည်မှာ ကြာနေသေး၏။

ထိုအမျိုးသမီးကြီး၏ လှုပ်ရှားဟန်မှာ ဘူးသီးချောင်း ယူခြင်းမှ ဆီပူထဲသို့ ရောက်ရန် သုံးစ္စကန့် ခန့်သာရှိမည်ထင်၏။ ဘူးသီးချောင်း ၊ ထို့နောက် ကြက်သွန် ၊ ထို့နောက် ခရမ်းသီးဝိုင်း ၊ ရုံပတီသီး စသည်ဖြင့် ဆက်တိုက်ဆက်တိုက် ကောက်ယူ ကြော်လှော်သွားသည်မှာ ဆီပူ အိုးထဲတွင် အကြော်များ ဖြင့် ပြည့်သွားတော့၏။

ထို့နောက် ထိုအကြော်များအား ဝါးတူကြီးဖြင့် လှော်နေ၏။ အကြော်များ အတန်ငယ် ကြွတ်လာလျင် စကာဖြင့် ဆယ်ယူကာ ဘယ်ဘက်တွင်ရှိနေသော ဆီပူအိုးထဲသို့ ဆယ်ထည့်လိုက်၏။ ထို့နောက် ပထမဆီပူအိုးအတွင်း သို့ ယခင်ကအတိုင်း အကြော်များ ဆက်ထည့်ကြော်၏။

ဤသို့ ဖြင့် ပထမဒယ်အိုးတွင် အကြော်များ ဖြင့် ပြည့်သွားသော အခါ ဒုတိယဒယ်ရှိ အကြော်တို့မှာ နီရဲ ကြွပ်ရွ နေပြီ ဖြစ်သောကြောင့် ဆီစစ်စကာထဲသို့ ဆယ်ထည့်လိုက်၏။

ဤသို့ဖြင့် အကြော်လည်းကြော်၏ ၊ အခြား ဆီပူအိုးထဲသို့ လည်းပြောင်းထည့်ရ၏ ၊ ဝါးတူဖြင့်လည်း လှန်လှော်ပေးရ၏။ တဆက်တည်း မီးအပူ အညီအမျှရှိစေရန် ထင်းမီးအားလည်း အတိုးအလျှော့လုပ်ကာ ညှိပေးရ၏။

ဤသို့ဖြင့် ညာဘက်က ယူလိုက်သော အသီးအရွက် ကုန်စိမ်းတို့သည် ဒယ်အိုး နှစ်လုံးတွင် ကြော်လှော်လိုက်သော အခါ ဘယ်ဘက် အစွန်ရှိ ဝါးစကာ အတွင်းသို့ အသင့်စားနိုင်သော အကြော် ကုန်ချောအဖြစ်သို့ရောက်ရှိသွားလေတော့၏။

ကျွန်တော်လည်း ထိုအမျိုးသမီးကြီး၏ သွက်လက်သော အကြော်ကြော်ဟန် တို့အား ကြည့်ရင်း ဖြင့် ထိုအမျိုးသမီးကြီးကာ ကုလားဘုရားဖြစ်သော ကာလီမာ မယ်တော်ကဲ့သို့ ဘယ်ဖက် လက်လေးချောင်း ညာဘက် လက်လေးချောင်း ထွက်လာသည်ဟု မြင်မိ၏။

ထို့နောက် ယောက်ျားသား ဖြစ်သူ အညာသားက လည်း အအားမနေရပါ။ မယားကြော်ထားသော အကြော်တို့အား ယူကာ အကြော်ရောင်းနေသော သမီးထံသို့ သွားပို့ရ၏။ ထို့နောက် အချဉ်ရည် ထုပ်များအား ပလားစတစ်အိတ်အတွင်းသို့ထည့်ကာ သရေကွင်းဖြင့် ချည်နှောင်ရ၏။

တဆက်တည်း အခြားမီးဖို တခုဖြင့် ရေနွေးအိုး ကျိုရသေး၏။ ထိုင်စားနေသူတို့မှာသော အကြော်များ ပို့ပေးရ၏။ အချဉ်ရည်ကုန်လျင် ထပ်ဖြည့်ပေးရ၏။ ရေနွေးအကြမ်းအိုးချပေးရ၏။ တဆက်တည်းပင် စားသုံးသူများအားလည်း လောကွတ်ပြုရသေး၏။

ကျွန်တော်လည်း အစကတော့ အကြော်ဝယ်၍ ပြန်ရန် စိတ်ကူးထားသော်လည်း ထိုအကြော်ဆိုင်အား အကဲခတ်ရန် အကြော်ထိုင်စားမည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့၏။

အကြော်ဆိုင်၏ ထိုင်စားရန်နေရာကာ ကုက္ကိုလ်ပင်ရိပ်တွင်ပင် ဖြစ်၏။ စားပွဲ ခုံပု လေးခုခန့် ချထား၏။ ခွေးခြေခုံများ လည်းချထားပေး၏။ မြေကြီးတွင် ဖြစ်သော်လည်း ဖုန်မထူ ရွံ့ဗွက်ထခြင်း မရှိ ။ အဘယ့်ကြောင့်ဆိုသော် သဲထူထူ ခင်းထားကာ ရေဖြန်းထားသောကြောင့် ကုက္ကိုလ်ပင် အရိပ်နှင့် အေးမြနေတော့၏။

အကြော်ရောင်းနေသော သမီးအားလည်း ရှု့လော မိတ်ဆွေ။ အညာသူ ဖြစ်သည့်အတိုင်း အသားညို၏။ ဆံကျစ် ကျစ်ထား၏။ အချောအလှကြီးမဟုတ်သော်လည်း အမျိုးသမီးတိုင်း ရှိသင့်သော အလှတို့နှင့်ကာ ပြည့်စုံ၏။ သနပ်ခါး ပါးကွက်ကွက်ထားကာ အကြော်ဝယ်ရန် လာသူတို့အား အပြုံးဖြင့်ကြိုလင့်၏။

ကြော်ဝယ်သူတို့ကာ အကြော်ပင်မဝယ်ရသေး ထိုအပြုံးဖြင့် စိတ်ချမ်းသာသော အဖြစ်သို့ရောက်ရ၏။ အကြော်ရောင်းနေသည်နှင့်ပင်မတူ အလှူပေးနေသည်နှင့်ပင် တူနေသေးတော့၏။ အပြုံးဖြင့်ကြို၏။ လောကွတ်ဖြင့် အကြော်ရောင်း၏။ ကျေးဇူးတင်ခြင်း အမှုပြုကာ ငွေယူ ငွေအမ်းပြုလုပ်၏။ နောက်လည်း လာဝယ်စားပါရန် အမှာစကားပါးသေး၏။ သွက်လက်ချက်ချာလိုက်ပါဘိ။

ကျွန်တော်လည်း လွတ်နေသော စားပွဲတခုတွင်ထိုင်ကာ အကြော်မှာစား၏။ အညာသားကြီးကာ ရေနွေးအိုးအလျင်လာချ၏။ ရေနွေးအိုးကာ ကြွေရည်သုတ် ခရားရေနွေးအိုးဖြစ်၏။ ဓါတ်ဘူးမဟုတ်။ စားသုံးသူ လာသော အခါမှ ခရားအိုးအတွင်းသို့ မီးဖိုမှ ရေနွေးခပ်ထည့်ကာ လက်ဖက်ခြေက် ထည့်ပေးခြင်း ဖြစ်၏။ ကောင်းလေစွ။

လက်ဖက်ရည်ဆိုင်ကဲ့သို့ ဓါတ်ဘူးအတွင်း လက်ဖက်ခြောက် တကြိမ်ထည့်ကာရေနွေးအကြိမ်ကြိမ် ဖြည့်ခြင်းမျိုးမဟုတ်။ ထို့နောက် အကြော်ပူပူနွေးနွေးအား ကြိမ်ခြင်း အသေးလေးဖြင့်ချပေး၏။ အချဉ်ရည်ပန်ကန် ဝိုင်းလည်းပါ၏။

အချဉ်ရည်ကာ ဖြစ်ကတတ်ဆန်းလုပ်ထားသော အချဉ်ရည်မဟုတ်။ မန်ကျည်းနှစ်ရည်အား ထန်းညှက်ရည် ပျက်သိကာ ရောကာ ငရုတ်သီးစိမ်းပါးပါးလှီးထည့်ထား၏။ ထို့နောက် သံပရာသီးလည်း ညှစ်ထည့်ထားဟန်ရှိ၏။ အချဉ်လည်း မစူး ၊ အချိုလည်း မသိသာ ၊ အစပ်လည်း မကဲသော အချဉ်ရည်မျိုးဖြစ်၏။

ထို့နောက် လတ်ဆတ်သော ဆလပ်ရွက်လည်း ချပေး၏။ ကျွန်တော်လည်း ဘူးသီးကြော်တဖဲ့အား ဆလပ်ရွက်ဖြင့် လိပ်ကာ အချဉ်ရည် အတွင်းသို့ နှစ်လိုက်ပြီးနောက် ပါးစပ်အတွင်းသို့ ထည့်လိုက်၏။

မုန့်နှစ်၏ကြွပ်ရွခြင်း ၊ အကြော်၏ မွေးကြိုင်ခြင်း နှင့်အတူ ဘူးသီး၏ ချိုခြင်း အချဉ်ရည်၏ ချိုချဉ်အရသာ ဆလပ်ရွက်၏ လက်ဆတ်သော အရသာတို့အား တပြိုင်တည်း ခံစားလိုက်ရပြီးနောက် လျှာကြောစိမ့်သွားပါတော့သည်။ အရသာထူးကဲသော အကြော်ဖြစ်၏။ တဖဲ့စားပြီးလျင် နောက်တဖဲ့မစားပဲ မနေနိုင်။

ထို့နောက် ကြက်သွန်ကြော်စား၏။ ရုံပတီးသီးကြော်စား၏။ အကြော်တခုနှင့်တခုကာ အရသာမတူ တမျိုးစီ အရသာထူး၏။ ကျွန်တော်လည်း အကြော်အရသာ ခံစားရင်း အကြော်ဆိုင်အား အကဲခတ်၏။

ဝယ်စားသူတို့ကာ ပြုံတိုးပြီး ဝယ်နေကြသည်မဟုတ်။ တဦးလာလိုက် ပြန်သွားလိုက်။ နောက်တဦးလာလိုက် ပြန်သွားလိုက်ဖြင့် အဆက်မပြတ် ဝင်ထွက်သွားလာ ဝယ်ယူနေကြခြင်းဖြစ်၏။ ဤ အကြော်ကောင်းသည်မှာ သေချာ၏။ အဘယ့်ကြောင့် ဆိုသော် ကားကြီးကားငယ်များဖြင့် လာဝယ်စားခြင်း ဖြစ်၏။

အကြော်ဆိုင်သည်လည်း ကားလမ်းနှင့် အတန်ငယ်ဝေးသောကြောင့် ဖုန်ထခြင်း ရွှံ့စင်ခြင်းနှင့်လည်း ကင်းဝေး၏။ ကျွန်တော် အကြော်စားနေစဉ် အာရာဖတ် အမည်ရှိသော ကားဖြူတစီးဆိုက်လာ၏။ ထိုကားထဲမှ အမျိုးသမီး တသိုက်ထွက်လာကာ အကြော်လာဝယ်စားကြ၏။

ထိုအမျိုးသမီးတသိုက်ကာ အကြော်ဆိုင်၏ ဖေါက်သည်များ ဖြစ်ဟန်တူ၏။ တယောက်တပေါက်ဖြင့် လက်ပံပင် ဆရက်ကျသကဲ့သို့သာ။ ကျွန်တော်လည်း ဘူးသီးကြော်စားပြီး အတန်ငယ်လူရှင်းသွားသော အခါမှ အကြော်သည်မိသားစုနှင့် မိတ်ဆက်စကားပြောရတော့၏။

ဤ အကြော်သည် မိသားစုကာ အထက်အညာ မြင်းခြံ မလယ် ဟူသော အရပ်မှ လာကြကြောင်းသိရ၏။ မျိုးရိုး စဉ်ဆက် အကြော်ရောင်းရင်း အသက်မွေးဝမ်းကြောင်း ပြုသူများ ဖြစ်ကြောင်းလည်း သိရ၏။

ကျွန်တော်လည်း အကြော်ကြော်နေသော အမျိုးသမီးကြီးအား " ဒီက အစ်မကြီးက အကြော်ကြော်လည်း ကောင်း ကြော်သမျှ အကြော်လည်း ရောင်းကုန် ဆိုတော့ အခုထိ သူဌေး မဖြစ်သေးဘူးလားဟု " စနောက်လိုက်၏။

ထို အမျိုးသမီးကာ အပြုံးဖြင့် ပြန်ဖြေ၏။ " အကြော်လည်း ကြော်ရပါရဲ့ ရောင်းလည်း ရောင်းရပါရဲ့ စုမိဆောင်းမိလည်း ရှိပါရဲ့ ငါ့မောင်ရေ... ဒါပေသိ တသက်လုံး အကြော်ရောင်းလာတာဆိုတော့ တခြားအလုပ် လုပ်မစားတတ်တော့ဘူး" ဟူလို။

" တခါတလေလည်း အကြော်ရောင်းကောင်းမှာ တောင်စိုးမိတယ် ... အကြော်ရောင်းကောင်းလေ ကျွန်မ ဆီပူအိုးနားကခွာမရလေ ဖြစ်လို့ " ဟူ၍လည်း အရွှန်းဖေါက်လိုက်သေး၏။ သူပြောတာလည်း ဟုတ်သား.... အကြော်ရောင်းကောင်းလေ ဆီပူအိုးနားက ခွာမရလေ ။

ကျွန်တော်လည်း အိမ်အတွက် အကြော်များ ဝယ်ယူကာ ပြန်ခဲ့တော့၏။ အပြန်လမ်းတွင်ကာ ဤကဲ့သို့ တမိသားစုလုံး တက်ညီလက်ညီဖြင့် အကြော်ကြော်ရောင်းရင်း သမာအာဇီဝ ဖြင့် ဝမ်းစာရှာနေသော အကြော်သည်မိသားစုအကြောင်း တွေးကာ မုဒိသာ ပွားရပါတော့၏။

Henry Aung ( Kachin )

23/10/2021 - Saturday - 17;16 Pm