BBC အသုပ်စုံ နှင့် အသိတရား ( Henry Aung )
မင်္ဂလာပါ။ ကျွန်တော့ ဆေးဆိုင်ဘေးနားတွင် အသုပ်ဆိုင် အသေးကလေးတခုရှိပါသည်။ အသုပ်ဆိုင် အသေးလေးဟုဆိုသော်လည်း တာလပတ်မိုး ခုံတန်းရှည်များဖြင့်ကျကျနန ဆောက်ထားသော ဆိုင်ကလေး ဖြစ်ပါသည်။
နံနက်မိုးလင်း ၆ နာရီကျော်ခန့်တွင် ကျွန်တော်တို့ တိုက် ၆ လွှာမှ လင်မယား နှစ်ယောက်ဆင်းလာကာ အသုပ်စုံ ရောင်းကြပါသည်။ လင် ဖြစ်သူက မီးမွေး ဟင်းချိုအိုးတည်ထားကာ ဈေးသွား။ မယားဖြစ်သူက ခေါက်ဆွဲ ၊ ကြာဆံ ၊ ဂေါ်ဖီ စသည်တို့အား ပြင်ဆင်၍ ၇ နှစ်နာရီထိုးပြီ ဆိုလျင် အသုပ်စုံ ( အစုံသုပ် ) ရပါပြီ။
သူရို့ လင်မယားက အစုံသုပ်အပြင် ထမင်းပါ ရသည်ဖြစ်ရာ နံနက်စာ စားသူတို့က အသုပ်နှင့် ထမင်း တခါတည်း အဆင်ပြေစွာ စားနိုင်ပါသည်။ အချို့သော ကုမ္ပဏီ အလုပ်သွားကြသူများကလည်း ထိုအသုပ်ဆိုင်လေးတွင် နံနက်စာ စားသွားကြသလို အနှေးယာဉ်လုပ်သားများ နံနက်ဈေးသွားသောအမယ်ကြီး များကလည်း ထိုအသုပ်ဆိုင်လေးတွင်သာ စတည်းချ ကာ နံနက်စာ စားကြပါသည်။
အသုပ်ဆိုင်ကလည်း ရောင်းကောင်းပါသည်။ နေ့စဉ် ၁၀ နာရီ ခန့်ဆိုလျင် ရှိသမျှ အသုပ် များကုန်ပြီ ဖြစ်ပါသည်။ ထို့နောက် ဆေးကြော သန့်ရှင်းကာ ဆိုင်သိမ်း သွားကြပါသည်။ နေ့လည်ခင်းတွင် အဆိုပါ အသုပ်ဆိုင်လေးမှာ လူကြီးများ၏ ရေနွေးကြမ်း ဝိုင်းထိုင်သောက်ရာ နေရာဖြစ်သွားပါတော့သည်။
ကျွန်တော့ အမျိ ုးသမီးကတော့ ထိုဆိုင်လေးအား BBC ဟု အမည်ပေးထားပါသည်။ အဘယ့်ကြောင့်ဆိုသော် နံနက်ခင်း အသုပ်စားရင်း သတင်းဖလှယ်ကြသလို မနေ့က ဘာဂဏန်း ထွက်သွားသည် ဒီနေ့ ဘာတလုံးကောင်း သည်စသည်ဖြင့် ။
တခါတရံလည်း ဆွေးနွေငြင်းခုံသံများ ကြရသလို တခါတရံတော့လည်း ရပ်ကွက် သတင်းပေါင်းစုံကြားရပါသည်။ ဘယ်သူ့ သမီးကတော့ ဘယ်ဝါ နှင့်လိုက်ပြေးသည့် အကြောင်း ၊ ဘယ်တိုက်ဘယ်အခန်းကတော့ဖြင့် အရောင်းတည့်သွားပြီ ဆိုသည့် အကြောင်း တခါတရံ ကြွေးယူ ကြွေးပေးအသံများလည်း ကြာနေရပါသည်။
ကျွန်တော့အနေဖြင့် စပ်စုကာ သွားနားထောင်နေခြင်း မဟုတ်ပါ။ ထိုအသုပ်ဆိုင်လေးက ကျွန်တော့ ဆေးဆိုင်ထောင့်တွင် ရှိနေသည်ဖြစ်ရာ အသံပလံများက မကြားချင်သော်လည်း ကြားနေရပါသည်။
နေ့ခင်းဘက်ဆိုလျင်တော့ လူကြီး သုံး / လေး ဦးခန့် သင်္ချာ တွက်နေလေ့ရှိပါသည်။ တစ်တလုံးကို အပိုင်မွေးရမည် ဆိုသည့် အသံများကြားနေရသလို ကလ င်ဒါ ကျကတော့ မနက်ဖြန်နံနက် ၅ ထိပ်စီးပဲ ဆိုသည့်အသံကလည်း ကြားရပါသည်။
တခါတရံ ၅၀၀ ဖိုး ၁၀၀၀ ဖိုးပေါက်လျင် နေ့ခင်းပိုင်း လဖက်ရည်ဝိုင်း ဖြစ်ကာ ပေါက်သူက ဒကာခံပါသည်။ ထိုနေ့မျိုးဆိုလျင်တော့ ၂ လုံးထီတရား နာပေရော့။ ဘယ်တုန်းက ဘယ်သူဘယ်ဝါ တိုက်ပေါင်ပြီး အပိုင်ထိုးတာ ဝက်ဝက်ကွဲပဲ။
အရင်က တိုက်ပိုင် အိမ်ပိုင် ဘယ်သူဘယ်ဝါ နှလုံးထီ နှိပ်စက်လိုက်တာ အခုတော့ ဘယ်နားတွင် အဖီထိုးနေရတယ် စသည်တရားများ မနာချင်လည်း ကြားနေရပါသည်။
ကျွန်တော် ယခင်က ကြားဖူးသည်မှာ ချဲဟူသော လောင်းကစားသာ ဖြစ်ပါသည်။ ၁၅ ရက်တကြိမ် ဖွင့်သော ထိုင်းထီ အမြင့်ဆုံးပေါက် ဂဏန်း၏ နောက်ဆုံး ၃ လုံးအား လောင်းကစားပြုကြခြင်း ဖြစ်ပါသည်။
ထိုစဉ်တုန်းကတော့ ချိုင်းဟူသော စာရွက်များ ၊ ကွမ်ရင်မယ်တော် အတိတ်ဟူသော စာရွက်များ ၊ နောက်ဘာမှန်း ညာမှန်း မသိသော အရုပ်များ စာလိမ်များ ပါသည့် ရောင်စုံ စက္ကူ များအား ဈေးထဲတွင် ခိုးကြောင်ခိုးဝှက် ရောင်းနေကြသည်ကိုတွေ့ခဲ့ရပါသည်။
ယခုတော့ နှစ်လုံးထီ ၊ နှစ်လုံးထီတောင် နံနက်တကြိမ် ညနေတကြိမ် ထိုးလိုက်ကြစမ်း ဆိုသည့်သူများ။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ထို BBC ဆိုင်လေးတွင် ထူးဆန်းသော အဖြစ်အပျက် တခုဖြစ်သွားခဲ့ပါသည်။
ထိုနေ့ နံနက်က အာကျယ် အမျိုးသမီး ( ရပ်ကွက်တွင်နေ ) က အသုပ်စားရင်း အာဘောင်အာရင်းသန်သန်ဖြင့် ဒီနေ့တော့ ၃ တစ်လုံးအပိုင် ၊ ဘယ်ဆရာတော်ပေးတာ ၊ တပတ်မှာ အနည်းဆုံး ၄ ရက်တော့ မှန်တယ် စသည်ဖြင့် အသံကြားနေရပါသည်။
အမျိုးသမီးကြီး ၄ / ၅ ယောက်ကလည်း အသုပ်စားရင်း စကားနှိုက်နေကြပါသည်။ ၃ ပတ်ရမည်လား ဘရိတ်လား ဘာလား စသည်ဖြင့်။ ထိုအထိ ကျွန်တော် စိတ်မဝင်စားပါ။
အသုပ်စားနေသည့် အမျိုးသမီးကြီးတယောက်က ဟာ ဒါဆိုအတော်ပဲ အစ်မ ညက အိမ်မက်မက်တာသေချာနေပြီ။ ဒီကညီမက ၃ တစ်လုံးအပိုင်ဆိုတော့ ၃၅ ..... ဟုတ်တယ် ၃၅ / ၅၃ ပ ဲဟူ၍ အတည်ပြုပေးလိုက်ကာ ထိုအမျိုးသမီးမှာ ဈေးဝယ်မည့် ပိုက်ဆံ ၅၀၀၀၀ ကျော်အား ၃၅ / ၅၃ ဘောက်ချာ ဖြတ်ခိုင်းလိုက်ပါတော့သည်။
ထို့နောက်ဈေးသွားမဝယ်တော့ပဲ BBC ဆိုင်တွင် ရေနွေးကြမ်းသောက်ကာ ပေါက် ဂဏန်း စောင့်နေပါတော့သည်။ ကျွန်တော်လည်း ဘာရယ်မဟုတ် ထိုအမျိုးသမီးအား စိတ်ဝင်စားသော ကြောင့် စောင့်ကြည့်နေမိပါသည်။
ထို့နောက် ၉ နာရီခွဲ ၁၀ နာရီခန့်တွင် တယောက်စကား တယောက်နားဖြင့် ပေါက် ဂဏန်းထွက်လာပါတော့သည်။ ၂၁ ဆိုလား ၂၅ ဆိုလား ကျွန်တော်လည်း မသိပါ။ သေချာသည်ကတော့ ထိုအမျိုးသမီး ထိုနံနက်က နှစ်လုံးထီမပေါက်ပါ။ ဈေးခြင်းတောင်း ဟောင်းလောင်းဖြင့် အိမ်ပြန်သွားရပါတော့သည်။
ကျွန်တော်ပြောချင်သည့် အကြောင်းအရာ ရောက်လာပါပြီ။ အမျိုးသမီးကြီးသည် အသက်ကလည်း ၅၀ ကျော်အရွယ် / ဤမျှ ခက်ခဲသော ကာလတွင် မီးဖိုချောင် စားစရိတ်အား အလောင်းအစား ပြုဝံ့သည် အထိ အသိတရားမရှိ ခြင် းကို အံ့ဩမိခြင်း ဖြစ်ပါသည်။
ဆိုလိုသည်မှာ မိမိစိတ်အား အာသာဖြေ ၁၀၀၀ / ၂၀၀၀ ဖိုး ထိုးလိုက်သည်ဆိုလျင် ကိစ္စမရှိ။ ယခုတော့ မိမိစိတ်အား အလိုလိုက်မိသည်ပဲ ပြောမည်လား လောဘကြီးသည်ဟုပဲ ပြောရမည်လား မသိ သေချာသည်ကတော့ ထိုအမျိုးသမီး လက်ဗလာဖြင့် အိမ်ပြန်သွားရပါသည်။
အသက်ကြီးသော်လည်း အသိတရား မရှိသူများရှိနေသည်ကတော့ သေချာပါသည်။ ထိုအသိတရား မရှိသူများသည် သာမန် လူတန်းစား တွင် ရှိနေပါက တအိမ်ထောင် တမိသားစု တဆွေတမျိုးသာ ဒုက္ခ ရောက်မည် ဖြစ်သော်လည်း အသိတရားမရှိသော လူ့ ဗလာနံ များ နိုင်ငံ့ ခေါင်းဆောင်နေရာ ရောက်လာလျင်တော့ တတိုင်းပြည်လုံး ဒုက္ခရောက်ကြရသည်မှာ လက်တွေ့ပင်ဖြစ်ပါသည်။
မြတ်စွာဘုရားသာ သက်တော်ထင်ရှား ရှိနေသေးလျင် ကျွန်တော်တို့၏ ဒုက္ခ သည် ကြွေးသစ် လော ကြွေးဟောင်းဆပ်နေခြင်းလောဟုသာ မေးလိုက်ချင်ပါတော့သည်။
Henry Aung ( Kachin )
21/10/2021 - Thursday - 17;54 Pm