Posts

အင်တာနက်ဘိန်းစား ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
1 min read

မင်္ဂလာပါ။ ကျွန်တော်တို့ ဇတ်လိုက်ကျော်ကတော့ ပြောသည့်အတိုင်း ချီးမွမ်း၍ မှမဆုံးသေး ပြား ၄၀ သို့ ကပ်သွားပြီ ဖြစ်ပါသည်။ သူ့ဖာသူ ကပ်ချင်သည့်နေရာကပ် စာရေးရမည်က ကိုယ့် အလုပ်ဆိုတော့။ ကျွန်တော်စာစရေးပြီး ရက် ၁၀၀ ပြည့် တရက်မှ မပျက်ပဲ post တင်ရန် ရည်မှန်းထားသည် ဖြစ်ရာ သည်နေ့တော့ ထို ရည်မှန်းချက် ပျက်ပြီ ဟု ထင်နေခဲ့ပါသည်။

အဘယ့်ကြောင့် ဆိုသော် ကိုယ်ရွှေ အင်တာနက်က ယမန်နေ့ညကတည်းက ဖုတ်လိုက် ဖုတ်လိုက်ဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ယခု ကာလာတွင် အချေနိုင်ဆုံး ဆုပေးရလျင် ဘဏ်များက ပထမဆု ချိတ်ကာ အင်တာနက် ကုပ္မဏီများအား ဒုတိယဆုပေးရမည် ဖြစ်ပါသည်။

အင်တာနက် ပျက်သွား၍ သက်ဆိုင်ရာသို့ ဖုန်းခေါ်လျင် မိမိ အထက်လူကြီးနှင့် ဖုန်းပြောနေရသကဲ့သို့သာ။ ကြိုးများပြတ်သွား၍ လာပြင်ပေးရန် ပင့်ရသည်မှာ အုန်းပွဲ ငှက်ပျောပွဲ ဖြင့် ဦးရှင်ကြီး ပင့်ရသည်မှာ ပို၍ လွယ်သယောင် ဖြစ်နေပါတော့သည်။ ရှိစေတော့ သူရို့ခေတ်ပေကိုးလို့။

အင်တာနက် ဘိုးဘိုးကြီးဟူသော နတ်မရှိ၍သာ တော်ပေသေးသည်။ သို့မဟုတ်လျင် နေ့တိုင်း မုန့်ဖြူ မုန့်နီများ နေ့စဉ် အင်တာနက် မပျက်စေရန် နှင့်ပသနေရအုံးမည် ဖြစ်ပါသည်။ အင်တာနက်နှင့် ပတ်သက်လျင် လိုင်းစွဲအား မကောင်းလည်း သွားမပြောရဲ... လိုင်းပျက်သွားလည်း မာမာ မပြောရဲ... ကျေးဇူးရှင်များက ဤအချိန် တန်ခိုးကြီးနေကြသည် မဟုတ်လား။ အင်တာနက်လိုင်း လွင့်ပေးနေကြသည့် မောင်မင်းကြီးသား မယ်မင်းကြီးသားများ အားကျေးဇူးတင်နေရသည်။ ကျေးဇူရှင် များရှိနေ၍သာ အင်တာနက် ရနေသေး၍ ဖြစ်ပါသည်။

ဤ အင်တာနက်ဟူသော အရူးဆေးကလည်း မရှိမဖြစ်။ အင်တာနက်မရသော နေ့များတွင် ရူးချင်သလိုလို နှမ်းချင်သလိုလို တခုခုလိုနေသလိုလို ဖုန်းကောက်ကိုင်လိုက်ပြန်ချထားလိုက်ဖြင့် အထူးသဖြင့် Crypto wallet မကြည့်ရလျင် လေးလံထိုင်းမိုင်းလာသလိုလို စားမဝင်အိပ်မပျော်သလိုလို ခြေလက်များ တုန်လာသလိုလို ဖြစ်လာလေ့ရှိပါသည်။

အင်တာနက် ဆေးခါးကြီး သောက်လိုက်မှ နေသာထိုင်သာ ရှိသွားပါတော့သည်။ တိုးတက်ပြီး နိုင်ငံများကတော့ ဤဆေးခါးကြီး အပျက်ခံ၍ မဖြစ်။ ဤဆေးပြတ်သွားလျင် ရုံးလုပ်ငန်းများရပ်တန့်သွားမည် ဖြစ်သလို ဆက်သွယ်ရေးများလည်း ရပ်တန့်သွားမည် ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ်လက်ရှိ အချိန်တွင် မူးယစ်ဆေးမဟုတ်သော်လည်း ဘိန်းကဲ့သို့ စွဲလမ်းစေတတ်သော အင်တာနက်ဟူသော အရာသည် ခလေးလးကြီး အမျိုးသား အမျိုးသမီး အားလုံးစွဲလမ်းနေကြပြီ ဖြစ်ပါသည်။ ကျွန်တော့ အိမ်တွင် ရှိနေသော မိခင်ဖခင် ပင်စင်စားများသည်ပင်လျင် အင်တာနက် ပြတ်သွားလျင် အိမ်ရှေ့ထွက်လိုက် နောက်ဖေးဝင်လိုက် တယောက်မျက်နှာ တယောက်ကြည့်လိုက် ဖုန်းကိုင်လိုက် ပြန်ချထားလိုက်ဖြင့် အင်တာနက် ယင်းထတတ်နေပြီ ဖြစ်ပါသည်။

ကိုးရီးယား ဇတ်လမ်းတွဲကြိုက်သော မဒမ် ဟင်နရီအောင်ကတော့ အင်တာနက် ပြတ်သွားသည်နှင့် သာရေကြိုးတင်းအောင်ကိုင်အား စိတ်ရှိလက်ရှိ မေတ္တာပို့နေပါတော့သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ Cryptocurrency သမားများအတွက်သာမက ဂိမ်မာ များ ကိုးရီယား ဒရမ်မာ ချစ်သူများအားလုံး အင်တာနက် ဘိန်းစား ဖြစ်နေကြပြီ ဖြစ်ပါသည်။

ယခုကာလကဲ့သို့ အချိန်များ တွင် ဤ ဆေးခါးကြီးက ပို၍ လိုအပ်သလို မရှိမဖြစ်လည်း အရေးကြီးပါသည်။ ဘယ်ကြောင့်ဆိုသော် ဤ အင်တာနက် ဘိန်း မရှိလျင် အထက်တွင် ဖေါ်ပြခဲ့သော ယင်းထမှုများအား ကုစားနိုင်ရန် ဆေးမရှိသောကြောင့် ဖြစ်ပါသည်။

Henry Aung ( Kachin )

29/05/21 - Saturday - 18;05 Pm