Posts

Hive Power တခုအရင်းပြု ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
1 min read

မင်္ဂလာပါ။ ယခုတလေး Blockchain gaming နှင့်ပတ်သက်ပြီး အတော်လေး ခံတွင်းတွေ့နေသည်ဖြစ်ရာ ယနေ့လည်း Game အကြောင်းသာ ပြောကြပါအုံးစို့။ Splinterland ၏ Airdrop ယူထားသည်မှာ ယနေ့အထိဆိုလျင် SPS 100 နီးပါးရရှိလာပြီ ဖြစ်ပါသည်။

Gamer ကြီးများကတော့ ရီကြပါလိမ့်မည်။ ဤ SPS 100 ခန့် ရဖို့ရန် အတွက် တရက်နည်းနည်း တပတ်နည်းနည်း DEC လေး ဝယ်ထည့်လိုက် SPT လေးဝယ်ထည့်လိုက်ဖြင့် Airdrop ရယူနေခဲ့ခြင်း ဖြစ်ပါသည်။

မိမိက နောက်ကျနေခဲ့သူဆိုတော့ နောက်ကနေလိုက်ရမည်သာ။ Game ကစားခြင်းအား ဝါသနာမပါခြင်း၏ အကျိုးဆက်ဖြစ်ပါလိမ့်မည်။ ရှိစေတော့။ ကျွန်တော့ အနေဖြင့် ဤသို့ Airdrop လေး တနေ့ ငါးမူးခန့်ရသည်ကိုသာယာနေစဉ် ယမန်နေ့ကတော့ ရရှိသော SPS များအား ထပ်မံ၍ stack လုပ်မရတော့ပါ။

စာအုပ်တအုပ်ဝယ်ရမည်ဟူလို။ ထိုစာအုပ်ဝယ်ရန် အတွက် Shop အတွင်းဝင်ကြည့်တော့ ထိုစာအုပ်အတွက် ကျသင့်ငွေမှာ 10$ ဖြစ်ပါသည်။ သောက်ကျိုးနည်း ဈေးကြီးသော စာအုပ်ဖြစ်ပါသည်။ မြန်မာငွေဖြင့် ၂ သောင်းကျော် နီးပါးခန့် ပေးရသောစာအုပ်ဖြစ်ပါသည်။

မိမိတို့ Token စုသူများကပဲ ငါးကြင်းဆီ ဖြင့်ငါးကြင်းကြော်သည်ဟု ထင်ထားခဲ့ရာ ယခု ဂိမ်းထုတ်လုပ်သူများကလည်း Airdrop အလကားပေးရတာ ပေးရတဲ့ထဲက ရသလောက်ပြန်နှိိုက်ယူနေပါတော့သည်။

မတတ်နိုင် Airdrop က တနှစ်တောင်ဆိုတော့။ စာအုပ်ဝယ်ဆိုတော့လည်း ဝယ်ရသည်ပေါ့။ နောက်တလခန့်ကြာလျင် 20$ ခန့်ရှိသော ခဲတံထပ်ဝယ်ပါ ဆိုလျင်တော့ Airdrop အား စဉ်းစားရတော့မည်။

စောစောစီးစီး အကုန်ထုတ်ရောင်းကာ အနိုင်ပိုင်ထားလျင် ကောင်းမည်လား သို့မဟုတ် Airdrop အသာမှေးယူနေလျင် ကောင်းမည်လား။ ယခင်တုန်းကတော့ Hive Engine Token များအား ဖုတ်လေသည့် ငါးပိ ရှိသည်ဟုပင် မထင်ခဲ့ပါ။

ယခုတော့ ထိုငါးပိဖုတ် များသာ မည်သို့ရရှိရန် ထိုင်စဉ်းစားနေရပါသည်။ Leo ကလည်း ဈေးကျတုန်း ဝယ်ထားချင်သည်။ Pizza လေးကလည်း စားချင်စရာ စားလေစားလေ ငတ်မပြေ ဖြစ်လို့လာနေပါသည်။

ဒီကြားထဲ DEC / SPT များ တိုးဝယ်ကာ Airdrop ပိုရအောင်လည်း လုပ်ချင်သလို ဘီယာ စက်ရုံအားလည်း တခါတခါ မျက်စောင်းထိုးချင်နေပါသည်။ အပြင်လောကတွင်တော့ မြေဆို၍ ပန်းပင်စိုက်ရန် အတွင် ပန်းအိုးတွင် ထည့်ရသော မြေကြီး ပင်မပိုင်သော်လည်း Dcrops တွင်တော့ မြေယာများ ဝယ်ထားရန် စိတ်ကူးမိပါသည်။

သူလည်း အပြင်လောကလို ဝယ်လိုအား တက်လာလျင် ဈေးကောင်းလာမည်ဟုထင်ပါသည်။ ပုံပြင်ထဲတွင်တော့ ကြွက်သေတခု အရင်းပြု၍ လူငယ်တယောက်ကကြီးပွားသွားပါသည်။ ကျွန်တော်တို့ကတော့ Hive Power တခုအရင်းပြုရုံသာ တတ်နိုင်ပါသည်။

မည်သို့ပင်ဆိုစေ Hive Power ကြောင့် ဖြစ်ဖြစ် Game ကစားကောင်း၍ ဖြစ်ဖြစ်ကြီးပွားသွားလျင် သမာအာဇီဝ ကျသော ကြီးပွားခြင်း ဖြစ်မည်ဟုထင်ပါသည်။

Henry Aung ( Kachin )

13/10/2021 - Wednesday - 17;43 Pm