Posts

ကျွန်တော်သိချင်သော လိပ်ပြာ ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
2 min read

မင်္ဂလာပါ။ ယခုကျွန်တော်ရေးသားလိုသော လိပ်ပြာမှာ ပန်းဝတ်ရည်များအား စုပ်ယူတတ်သော အရောင်းအသွေး စုံလင် သော ပျံသန်းနိုင်သည့် လိပ်ပြာအား ဆိုလိုခြင်း မဟုတ်ပါ။ လူသား ခန္ဓာကိုယ် အတွင်း၌ ရှိသော လိပ်ပြာအား ဆိုလိုရင်း ဖြစ်ပါသည်။

ဤ မြန်မာတို့ အသုံးပြုသော လိပ်ပြာဟူသော ဝေါဟာရသည် ဝိညာဉ် အားဆိုလိုသည်လည်း မဟုတ်ပါ။ ဤသို့ ဆိုရလျင် ဤ လူသားနှင့် ဆက်စပ်နေသော လိပ်ပြာ ဟူသည်မှာ မည်ကဲ့သို့ ရှိသည်ကို သိလိုလှပါသည်။

အမှန်တော့ Soul ဟူသော အင်္ဂလိပ်စာလုံးသည် ဝိညာဉ် နှင့် လိပ်ပြာ နှစ်မျိုးလုံးအတွက် အသုံးပြုထားသည်ကို တွေ့ရပါသည်။ ဤ လိပ်ပြာဟူသော စကားလုံး အတွက် သီးသန့် အင်္ဂလိပ် စာလုံးရှိလျင် သိလိုလှပါသည်။

လိပ်ပြာလွင့် သည် / လိပ်ပြာလှသည် / လိပ်ပြာခွဲသည် / လိပ်ပြာမလုံ ဟူသော ဝေါဟာရများ ကြားဖူးပါသည်။ လိပ်ပြာလွင့် သည် ဟူသည်မှာ တစုံတခုအား ကြောက်အား ကြီးသောကြောင့် လိပ်ပြာလွင့်ထွက်သွားသည်ကို ဆိုလိုခြင်း ဖြစ်သလို ကျင့်စဉ်များ ကျင့်၍ မိမိလိပ်ပြာအား မိမိ စေလိုရာနေရာသို့ စေလွတ်နိုင်ခြင်း ဖြစ်ပါသည်။

ဤ လိပ်ပြာလွင့်ခြင်း အတတ်နှင့်ပတ်သက်၍ ဝတ္ထုစာအုပ်များတွင်တော့ ဖတ်ဘူးပါသည်။ ဤ ကျင့်စဉ်အား တကယ်အောင်မြင်စွာ ကျင့်နိုင်လျင်တော့ အတော်ဆုံး သူလျှို တယောက်ဖြစ်လာနိုင်မည်ဟုထင်ပါသည်။ အဘယ့်ကြောင့် ဆိုသော် လူမသိသူမသိ နိုင်သော အလုပ်အတော်များများ လိပ်ပြာဖြင့် လုပ်နိုင် သိနိုင် သောကြောင့် ဖြစ်ပါသည်။

လိပ်ပြာလှသည်ဟူသော စကားမှာ အများအားဖြင့် နတ်နှင့်ပတ်သက်သော နေရာများတွင်ကြားရလေ့ရှိပါသည်။ အထူးသဖြင့် လူတဦး တယောက်အား မကြာခဏ နတ်ဝင်ပူးသည် ဆိုလျင် ထိုသူအား လိပ်ပြာလှသောကြောင့် နတ်များ ဝင်ပူးကြသည်ဟု ဆိုလေ့ရှိပါသည်။ ဤသို့ဆိုရလျင်ဖြင့် နတ်ဝင်ပူး မခံရသူတို့က လိပ်ပြာရုပ်ဆိုး များ ဖြစ်ကြတန်ရာ။

လိပ်ပြာခွဲသည် ဟူသော စကားမှာ မိခင်သေဆုံးသွားသော မွေးကင်းစခလေးအား မည်သူ့ထံ ပေးနေလိုသည့် အကြောင်း ချိန်ခွင်ဖြင့် လိပ်ပြာခွဲကြသည်ဟု ဖတ်မှတ်ဘူးပါသည်။ ကျွန်တော်ငယ်ငယ်က အဖြစ်အပျက်တခုအား မှတ်မိပါသေးသည်။

ဗန်းမောက် ( မိုးမောက် ) တွင် ကျွန်တော့ အဘိုးတို့ပိုင်သော လယ်မြေများအား စစ်တပ်မှ သိမ်းယူလိုက်သောအခါ အဘိုး / အဘွား နှင့် ကျွန်တော့ ဦးလေး အငယ်ဆုံးတို့ မြစ်ကြီးနားမြို့ပေါ်သို့ အပြီးတိုင် ပြောင်းလာခဲ့ကြပါသည်။

မြစ်ကြီးနား သို့ ပြောင်းလာပြီးနောက် ကျွန်တော့ ဦးလေး အငယ်မှာ မကြာခဏဖျားသောကြောင့် ကျွန်တော့ အဘိုးမှ ကြက်ဥပြုတ်များ ဖြင့် ဦးလေး ၏ လိပ်ပြာအား မိုးမောက် မှ မြစ်ကြီးနားသို့ ပြန်ခေါ်သည်ကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါသည်။ ထို့နောက်တော့ ကျွန်တော့ ဦးလေးလည်း ထပ်မဖျားတော့ပါ။ တိုက်ဆိုင်သည်လား ... တကယ်ပဲလား မသိပါ။

ဤတွင် စကားဖြတ်၍ ကျွန်တော့ ပညာရေး အကြောင်း အနည်းငယ်ပြောပြလိုပါသည်။ ကျွန်တော့ အနေဖြင့် ၈ / ၉ / ၁၀ တန်းကျောင်းသား ဘဝများ၏ စာမေးပွဲများတွင် လုံးဝ ( လုံးဝ ) စာခိုးချခဲ့ခြင်း မရှိခဲ့ပါ။ သို့သော် တက္ကသိုလ် ရောက်သော အခါ တက္ကသိုလ် စာမေးပွဲများအားလုံး ( အားလုံး ) အား ခိုးချ၍သာ အောင်ခဲ့ပါသည်။

တက္ကသိုလ် အဝေးသင် တက်သည့် တလျှောက်လုံး စာဟူ၍ တလုံးမှ မသိသလို ကျက်လည်း မကျက်ခဲ့ပါ။ ကျွန်တော်တို့ ခေတ်တွင် တက္ကသိုလ် စာမေးပွဲအား ပြင်ပ အထက်တန်းကျောင်းများတွင် ကျင်းပကြရာ စာမေးပွဲခန်းစောင့် သောဆရာမသည်လည်း State ကျောင်းဆရာမများသာ ဖြစ်ကြပါသည်။

ထို့ကြောင့် State ကျောင်းဆရာမများသည်လည်း တက္ကသိုလ် ကျောင်းသားတို့အား ကြောက်ကြသည်ဖြစ်ရာ ( ဆူဆူပူပူ ပြသနာတခုခုတက်လျင် ထိုကျောင်းအုပ်ကြီးနှင့် တကွဆရာဆရာမများပါ ပြသနာကြီးနိုင်ပါသည် ) စာခိုးချလိုက်ကြစမ်းဆိုသည်မှာ စာမေးပွဲ ခန်းနှင့်ပင်မတူပါ။ စာကူးပွဲ ပင်ဖြစ်ပါတော့သည်။

ရေးပြရသည်လည်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသကဲ့သို့သာ။ ဤသို့ဖြင့် ကျွန်တော် ဘွဲ့သာရလာသည် ကျွန်တော်ယူထားသော ဘာသာဖြစ်သည့် ရုက္ခဗေဒ အကြောင်း နကန်းတလုံးမှ မသိပါ။ တလုံးမှလည်း မမှတ်မိသလို တကယ်ပင် ဘားမှ လည်းမတတ်ခဲ့ပါ။ သို့သော် ဘွဲ့လက်မှတ် တော့ အိမ်ဦးခန်းတွင် ချိတ်ထားနိုင်ခဲ့ပါသည်။

အထက်တွင် ဖေါ်ပြခဲ့သော လိပ်ပြာ အကြောင်း ဆက်ကြအုံးစို့။ ကျွန်တော် ဘွဲ့ရပြီးနောက် လုပ်ငန်းခွင်များတွင် ကျင်လည်နေရသော အချိန် မှ ယခုအချိန်ထိ အိမ်မက်တမျိုးတည်း အခါခါ မက်ခဲ့ပါသည်။

ထိုအိမ်မက်မှာ " ကျွန်တော့ အနေဖြင့် စာသင်ခန်းထဲရောက်နေသည် မနက်ဖြန် စာမေးပွဲ ဖြေတော့မည် ကျွန်တော့ ခေါင်းထဲတွင် ဖြေစရာ စာတလုံးမှ ရှိမနေသေးပါ " အစရှိသော အိမ်မက်မျိုး ဖြစ်ပါသည်။

တခါတရံ အိမ်မက်ထဲတွင်လည်း ခိုးချလိုက်မည် စိတ်ကူးသော်လည်း မည်သည့်စာအား မည်သို့ ခိုးချရမည် ပင်အဖြေမပေါ်လာသည့် အခိုက်အတန့်လည်း ရှိခဲ့ပါသည်။ တခါတရံတော့လည်း အိမ်မက်ထဲတွင် " ငါ့မှာ စာလည်း မကျက်ထား / ဘာမှတ်စုမှလည်း မရှိ / ဒီတနှစ်တော့ အကျခံလိုက်တော့မယ် နောက်နှစ်မှ ပြန်ဖြေမယ် " ဟူသော အတွေးများလည်း တွေးမိပါသည်။

ဤသို့သော အိမ်မက် များ မက်သည့်အခါ အိမ်မက်ထဲတွင် ကျွန်တော် အလွန်စိတ်ဆင်းရဲရပါသည်။ တနှစ်လုံး အချိန်ဖြုန်းပြစ်သည် / မိဘပိုက်ဆံ တနှစ် အလကားဖြုန်းပစ်သူ ဟူ၍။ အိမ်မက်မှ လန့်နိုးလာသည့် အခါတွင်ပင် စိတ်ကသိကအောက် ဖြစ်နေပါသေးသည်။ အတော်ကြာမှ ငါဘွဲ့ရပြီးသားပဲ ဟူ၍ စိတ်အေးသွားရပါသည်။

အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်းပြန်ဆန်းစစ်သော် ကျွန်တော်သည် ကျွန်တော် နှင့် မထိုက်တန်သော အရာ ( ဘွဲ့လက်မှတ် ) အား မဟုတ်မမှန်သော နည်းလမ်းဖြင့် ယူထားခဲ့မိသောကြောင့် ဖြစ်ပါသည်။

အခြာသူများအား ကျွန်တော့ အနေဖြင့် ဘွဲ့ရပညာတတ်ဟု ပြောနိုင်သော်လည်း ကျွန်တော့ လိပ်ပြာကတော့ ထိုအဖြစ်အား လက်မခံပါ။ အချိန်ရတိုင်း အိမ်မက်မက်စေခြင်းဖြင့် ကျွန်တော့အား စိတ်ဆင်းရဲစေပါတော့သည်။ ဤသည်မှာ " ကိုယ့်လိပ်ပြာ ကိုယ်မလုံ " ဟူသော စကား ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် ထိုလိပ်ပြာမလုံရသော အဖြစ်အပျက်အား ပြန်ပြင်၍ မရနိုင်တော့ပါ။ တသက်လုံး ကျွန်တော့ လိပ်ပြာကတော့ အချိန်ရတိုင်း ကျွန်တော့အား အိမ်မက်ထဲတွင် စာမေးပွဲခန်းထဲသို့ တွန်းပို့ကာ စိတ်ဆင်းရဲ စေတော့မည် ဖြစ်ပါသည်။ ဤသည်က ကျွန်တော်တယောက်နှင့် ကျွန်တော့ ဘဝတခုသာ ဖြစ်ပါသည်။

ယခုတလော Facebook ပေါ်တွင် ဓါတ်ပုံ တပုံတွေ့မိပါသည်။ ညှိုးငယ် ကြီးစွာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်ရင်း ပရိတ်ရွတ် နေသူတယောက်။ ကျွန်တော့ အနေဖြင့် သန်းပေါင်း ၆၀ ကျော်သော လူသားများ၏ ဘဝများနှင့် ဆိုင်သော အရာအား မိမိနှင့် မထိုက်တန်သော်လည်း မတရား နည်းလမ်းဖြင့် ယူထားသူတို့၏ အိမ်မက်အတွင်းသို့ ဝင်ကြည့်ချင်လှပါသည်။

ထိုသူတို့၏ လိပ်ပြာ များသည် မည်သို့သော အိမ်မက်များဖြင့် ထိုသူတို့အား စိတ်ဆင်းရဲစေသည် ဆိုသည့် အကြောင်း။ တကယ်တမ်းဆိုရလျင် လူသားသည် မိမိကိုယ်ကို မိမိ အတင်းအကျပ်လိမ်လည် ၍ ရမည်ဖြစ်သော်လည်း မိမိလိပ်ပြာအားတော့ လိမ်လည်၍ မရတန်ရာ။

Henry Aung ( Kachin )

01/12/2021 - Wednesday - 18;34 Pm