Posts

ရာသီပြောင်းချိန် ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
2 min read

မင်္ဂလာပါ။ ဒီနေ့ကတော့ စာရေးရန် အတော်လေးကို စိတ်မပါပါ။ စိတ်မပါလျင် မရေးနဲ့ပေါ့ဟု အငေါ်တူးစရာ ဖြစ်သော်လည်း စိတ်ပါပါ မပါပါ တနေ့ စာတပုဒ်မရေးရလျင် ခြေတုန်လက်တုန် ဖြစ်လာမည် စိုးသောကြောင့် အတင်းဖိညစ်ကာ ရေးလိုက်ရပါသည်။

အဘယ့်ကြောင့် စာရေးရန် စိတ်မပါသနည်း ဆိုသော် ရာသီ အကူးအပြောင်း တွင် Covid ကာကွယ်ဆေး ထိုးထားသောကြောင့်ဖြစ်ပါသည်။ Covid ကာကွယ်ဆေးအား သန်လျင် တံတား အဆင်းရှိ Singapore Standard အတိုင်း ဆောက်လုပ်ထားသောStar City ဟူသော ကွန်ဒို အိမ်ယာ စီမံကိန်းတွင် သွားထိုးရခြင်း ဖြစ်ပါသည်။

ထိုအိမ်ယာ စီမံကိန်းတွင် ယခင်က သန်လျင် တံတား ဆောက်နေသော နိုင်ငံခြားသား အင်္ဂျင်နီယာများ ၊ သီလဝါ စက်မှုဇုန် အား တာဝန်ယူ အကောင်ထည်ဖေါ်နေသော ဂျပန် များဖြင့် အတော်လေး စည်ကားခဲ့သည်ဟု ဆိုပါသည်။ ယခုတော့ Silent Hill ဟူသော မြို့သို့ သွားရသလို့ပင်။

Image Source

နံနက်စောစော ကျွန်တော်တို့သန်လျင် တံတားဟောင်းပေါ်မှ မျှော်ကြည့်ရာတွင် ရပ်ထားသော တံတားသစ်စီမံကိန်းကြီးကို တွေ့ရပါသည်။ အတော်ရှည်သော ချဉ်းကပ်လမ်းပါသည့် တံတားကြီး ဖြစ်ပါသည်။ ရေလယ်တိုင် များ စိုက်ထူရန်ပင် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါသည်။

ကြင်စိုး တို့ မယုတ်မာခဲ့လျင် ယခုအချိန်တွင် ထိုတံတားသစ်ကြီး မပြီးတောင် အတော်လေး ခရီးရောက်နေလောက်ပြီ ဖြစ်ပါသည်။ အလုပ်သမားပေါင်း များစွာအား အလုပ်ပေးထားနိုင်သော ထိုစီမံကိန်းကြီကတော့ ယခုရပ်တန့်နေပြီ ဖြစ်ပါသည်။ ဤသို့ဖြင့် နံနက် ကိုးနာရီခန့်တွင် Star City သို့ ရောက်ပါလေပြီ။ ဆေးထိုးရန် နေရာ စီစဉ်ထားသည်က မြေအောက်ထပ် ကားပါကင်တွင် ဖြစ်၏။

အတော်လေး ကျယ်သော ကားပါကင် ဖြစ်၍ Registration လုပ်ရန်နေရာ ၊ ကုဒ် နံပတ်ယူရန်နေရာ ၊ သွေးပေါင်ချိန် ရန်နေရာ ၊ ဆေးထိုးရန် နေရာ ၊ ထို့နောက် အချက်အလက် မှန်မမှန် စစ်ဆေးရန် နေရာ စသည်ဖြင့် အတော်လေး ပြည့်ပြည့် စုံစုံလုပ်ထားပေးပါသည်။

Image Source

အမှန်တော့ ဤ Star City ရှိ ဆေးရုံသို့ Covid ကာကွယ်ဆေးထိုးရန် လွန်ခဲ့သော October လတွင် on line စာရင်းပေးသွင်းခဲ့ရပါသည်။ ဤသို့ဖြင့် အားလုံး အဆင်ပြေချောမွေ့စွာ ဆေးထိုးပြီးခဲ့ပြီ ဆိုကြပါဆို့ ။

အထစ်အငေါ့ မရှိ စောင့်ဆိုင်းရခြင်း မရှိ အဆင့်တခုပြီးတခု လွယ်ကူ စွာ ဆောင်ရွက်နိုင်ရန် ပြသပေးကြသလို ZaDa အမည်ရှိ Digital Wallet အတွင်းသို့ မိမိ၏ ဆေးထိုးထားသော Digital Certificate အားလည်း ပေးပို့ပေးမည်ဟူလို။

အဘယ့်ကြောင့်ဤမျှ လောက် အဆင်ပြေနေသနည်းဆိုသော် SinoPharm အမည်ရှိ အနှီးကာကွယ်ဆေးသည် လူတယောက် ၂ ကြိမ်ထိုး ၉၀၀၀၀ ကျပ်ဟူလို။

ရက်ကွက် အတွင်းတွင် အလကား ထိုးပေးပါလျက်နှင့် ပိုက်ဆံအကုန်ခံကာ အခြားနေရာတွင် သွားထိုးရပါသလောဟု အပြစ်မတင်စေလိုပါ။ ရပ်ကွက် ကျောင်းများတွင် ကြိတ်ကြိတ်တိုး တို့ဝှေ့ကာ ထိုးရခြင်းထက် ပိုက်ဆံ ပေးကာအဆင်ပြေပြေ ထိုးချင်သောကြောင့် ဖြစ်ပါသည်။

အဘယ့်ကြောင့် ဆိုသော် အသက်ကြီးပြီ ဖြစ်သော ကျွန်တော်မိခင် ( ကျောက်ကပ် ဆေးနေရ ) နှင့် ဖခင်တို့အား ဤ ကဲ့သို့ ရပ်ကွက် ကျောင်းတွင် တိုးဝှေ့ကာ ဆေးမထိုး စေချင်သော ကြောင့် ဖြစ်ပါသည်။

Image Source

ကုန်ကုန်ပြောရလျင် ရပ်ကွက် အတွင်းရှိ ကျောင်းများတွင် ကာကွယ်ဆေး သွားထိုးလျင် ကျောင်းရှေ့တွင် သဲအိတ်ကာ၍ စောင့်နေကြသော ကြင်စိုး နောက်လိုက်များနှင့် CDM မလုပ်ပဲ ကြင်စိုး အား ပထွေးတော်နေကြသူများ၏ သောက်ခွက် များအား မမြင်လိုသောကြောင့် ဖြစ်ပါသည်။

ဤသည်က ဆေးထိုးရသည့် အပိုင်း။ ဆေးထိုးပြီး တနေ့လုံး ဘားမှ မဖြစ်ပါ။ ဆေးထိုးပေးသော သူနာပြုဆရာမလေးကတော့ အရက်ဘီယာ တပတ်ခန့် ရှောင်ရန် အကြံပေးပါသည်။ ကိစ္စမရှိပါ။

ယခုကိစ္စရှိသည်က ဆေးထိုးပြီး ၂ ရက် ခန့်ကြာမှ ဖျားချင်သလိုလို အဖျားတိုင်း​တော့လည်း အဖျားမရှိ။ လှုပ်လှုပ်ရှားရှား လုပ်နေရလျင် ကိစ္စမရှိ။ ထိုင်နေလိုက်သည်နှင့် ချမ်းစိမ့်လာကာ နှာချေလာပါတော့သည်။

တနေကုန် လန်းလန်းဆန်းဆန်းမရှိ။ နှာရည်ကျလျင်ကျ မကျလျင် ခြေဖျားလက်ဖျားများ ချွေးစေး ထွက်လာပါတော့သည်။ ဘယ်လို ဖြစ်မှန်းမသိ။ ကာကွယ်ဆေးအရှိန်ကြောင့် ဤသို့ဖြစ်မှန်း သိသော်လည်း စိတ်ထဲတွင် မအီမသာ ခံစားရပါသည်။

ဆောင်းတွင်း ရောက်ပြီ ဆိုတော့လည်း ရန်ကုန်ဆောင်းက အေးသလိုလို မအေးသလိုလို ။ အပြင်ထွက်လျင် ချွေးထွက်ပြီး အိမ်ထဲဝင်လိုက်လျင် အေးစိမ့်လာပါတော့သည်။ အေးသည်ဟူ၍ အင်္ကျီ လက်ရှည် ဝတ်လိုက်လျင် ချွေးစို့လာပါတော့သည်။

Image Source

ယခုတလော ဤကဲ့သို့ မအီမသာ ဖြစ်ကာ ဖျားချင်သလိုလို အအေးမိချင်သလိုလို ဖြစ်လာရခြင်း အားဆန်းစစ်မိသော် .... ဪ Hive ဈေးက $2.14 အထိတောင်ကျသွားပါပကော။ Hive ဈေးကျလျင် ဖျားချင်သလိုလို ဖြစ်လာသည်ဆိုသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ခုနေများ Hive ဈေး $3 ကျော်သွားလျင်ဖြင့် ရေပြေးချိုးလိုက်မည် ဖြစ်ပါသည်။

Henry Aung ( Kachin )

03/12/2021 - Friday - 18;35 Pm