Posts

Covid-19 အတွေးများ ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
2 min read

မင်္ဂလာပါ။ ဟုတ်ကဲ့။ Covid-19 အကြောင်းပါပဲ။ ယခုတလော စာရေးရန် သိပ်အာရုံ မရပါ။ အဘယ့်ကြောင့်မှန်းမသိ။ စာဖတ်သည် ဘက်ကို ပို၍ အားစိုက်မိပါသည်။ ဆေး ဝယ်ရောင်း ကိစ္စကလည်း ကျွန်တော့ အမျိုးသမီးနှင့်လွဲထားလိုက်ပြီမို့ အနည်းငယ် အချိန်ရသယောင်ရှိနေပါသည်။

ယခုတလော ဖတ်မိသည့် စာအုပ်များကတော့ " ကျော်ဝင်း ၏ ပျောက်ဆုံးသွားသော မျိုးဆက် " ကျောင်းသား အရေးအခင်းမှ ဗကပ များထံသို့ တောခိုသွားသည့် အကြောင်း သမိုင်း နောက်ခံဝတ္ထုရှည်။ ၃ လက်မခန့် အထူရှိသော စာအုပ်သုံးအုပ်။ နောက်တအုပ်ကတော့ သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်၏ " ဘာလဲဟဲ့ လူ့ငရဲ " ။

နိုင်ငံရေး နောက်ခံနှင့် ထောင်တွင်း အတွေ့အကြုံများ အကြောင်း ။ နောက်တအုပ်ကတော့ ကျွန်တော် On Line တွင် တခုတ်တရ စောင့်ဖတ်ခဲ့ရသော ခက်ဇော် ၏ The Guys Of Rangoon ( လမ်းမတော်ဖိုးတုတ်နှင့် သူ့ခေတ်သူ့အခါက လူမိုက်များ အကြောင်း ) ။

On line မှာ ဖတ်ရသည်နှင့် စာအုပ်ကိုင်ဖတ်ရသည့် အရသာ အလွန်ခြားနားလှပါသည်။ ခက်ဇော် ၏ အရေးအသားမှာ ယနေ့လူငယ်အကြိုက်အရေး အသား ဖြစ်၍ ဇတ်ကောင်နှင့် ဇတ်အိမ် ဖွဲ့စည်းထားမှုများမှ အလွန်ပင် တိကျလှပါသည်။ ခက်ဇော်၏ နောက်ထက် စာအုပ်တအုပ် အားလည်း on line ပေါ်တွင် စောင့်ဖတ်နေပါသည်။ The Guys from Mandalay ( စိန်ဓားမြှောင် ဓါးပြဂိုဏ် အကြောင်း ) ။

ဤသည်ကာ ယခု Covid ဒုတိယလှိုင်းတွင် ကျွန်တော် လုပ်ဖြစ်သည့် အလုပ်များ ။ Covid ဒုတိယလှိုင်းကလည်း ရိုက်ချက် ခပ်ပြင်းပြင်း ။ စမ်းချောင်းမြို့နယ်တွင် အချို့ တိုက်များ Lock Down မိကုန်ပြီ။ စျေးသွားလျင်လည်း လူသူကျိုးတို့ ကျဲတဲ။ သုတ်သုတ်သွား သုတ်သုတ်ဝယ် သုတ်သုတ်ပြန်။ လွန်ခဲ့သော ရက်အနည်းငယ်က အသိမိတ်ဆွေတယောက် ဖုန်းဆက်လာခဲ့သည်။ ထိုမိတ်ဆွေမှာ NGO တွင် အလုပ်လုပ်နေသူ ဖြစ်ပါသည်။

ဆိုတော့ Covid ကာလတွင် Project များ အကုန်နားထားသဖြင့် ဝင်ငွေ မကောင်း ၊ လစာ ထက်ဝက်သာ ရသည်။ နယ်တွင် အလုပ်ဆင်းရသည့် အတွက် အိမ်ငှားနေရသည်။ အမျိုးသမီးက ခလေးငယ်နှင့်မို့ အလုပ်မလုပ်နိုင်သေး။ ရသည့် လခက အိမ်လခ ပေးလိုက်လျင် ကုန်သလောက် ဖြစ်ပြီမို့ လင်မယား နှစ်ယောက်နှင့် ခလေးငယ် အတွက် ခေါင်းခဲစရာ။

နေ့စဉ်စားဝတ်နေရေး ။ ခလေး ၈ လသား ဖြစ်လာပြီ ဖြစ်သော်လည်း ယခုအထိ ဖြည့်စွက်စာ ၊ အားဆေး များ မတိုက်ကျွေးနိုင်သေး။ လူမသေ အောင် ထမင်းနပ်မှန် အောင် ကြိုးစားနေရသည်ကိုး။ ကျွန်တော်လည်း မည်သို့ မျှ အကြံမပေးတတ် ။ နောက်တယောက် ကတော့ အမျိုးသမီးမိတ်ဆွေ။

ထို အမျိုးသမီးကတော့ အစတွင် ကျူရှင်ပြ ၊ ဝိုင်းကျူရှင် ပေး စသည်ဖြင့် ပြေလည် နေသူဖြစ်ပါသည်။ အိမ်ထောင်မပြုသေး။ တကိုယ်တည်း မိဘများဖြင့်နေရင်း ကိုယ့်အား ကိုယ်ကိုးနေသူ။ ဆိုတော့ Covid ရောက်လာပါလေပြီ။ ကျောင်းတို့လည်း ပိတ်ကြပါလေပြီ။ အပြင် ဆရာ ၊ ဆရာမတို့ မန် မန်း တူ တူ ပုန်းကိန် ဆိုက်လေပြီ။

အစိုးဝန်ထမ်းကတော့ ကျောင်းမဖွင့်လည်း လစာ ရနေသေး၍ ကိစ္စမရှိ။ ဆိုခဲ့သည့် အတိုင်း ထို အမျိုးသမီး မိတ်ဆွေကတော့ ဆရာမ အလုပ်အား အပြီးတိုင် စွန့်လွတ်ကာ သူစုထားသော ပိုက်ဆံအချို့ နှင့် လက်ဝတ်လက်စား များ ရောင်းကာ အမျိုးသမီး အလှကုန်ဆိုင် ဖွင့်ပါလေတော့သည်။ ဖွင့်သည်မှ တကယ်ကို အကြီးကြီး ။ အရင်းအနှီး မည်မျှ ထည့်ရသည် အသာထား ဆိုင် အပြင်အဆင် အတွက်ပင် သိန်း ၅၀ ကုန်ကျခံခဲ့ပါသည်။

ဟုတ်ကဲ့။ ဆိုင်ဖွင့်တော့ဝယ်သူ ထင်သလောက် ရောက်မလာ ။ On line စျေးရောင်းတော့လည်း အခြေအနေမကောင်း။ ယခု အချိန်တွင် မည်မျှ လှချင်သည် ဆိုစေအုံးတော့ အလှအပအတွက် ပိုက်ဆံ တသောင်း သုံးသူ ဆယ်ယောက် တယောက်သာ ရှိပါလိမ့်မည်။ ယခုအချိန် လူတိုင်း ပုံမှန် ဝင်ငွေလေး တခုနှင့် ထမင်းနှပ်မှန် နေရန် ကြိုးစားနေကြရသည့် အချိန်။

ထို အမျိုးသမီး မိတ်ဆွေ အတွက်လည်း ကျွန်တော် အကြံမပေးတတ်။ နောက်တဦးကတော့ စင်္ကပူ တွင် ရှိနေသည့် မိတ်ဆွေ။ သူ့အနေဖြင့် စင်္ကပူ တွင် အလုပ်ဆင်းနေရသည်ဟု ဆိုသော်လည်း ရက်ခြားသာ။ သူရို့ သူဌေးကလည်း ဖုတ်လှိုက် ဖုတ်လှိုက်။ လုပ်ငန်း ရပ်မသွားစေရန် လည်ပတ်နေသည်ဟု ဆိုယုံသာ။ ရှိသည့် အလုပ်သမားများအားလည်း အလုပ်မထုတ်ချင်သောကြောင့် လစာ ရသည်ဟု ဆိုယုံသာအလုပ်လုပ်စေပါသည်။

ရသည့် လခက အိမ်လခ ပေးပြီး စားပြီး သောက်ပြီး အပိုမရှိ။ မြန်မာပြည်သို့ ပိုက်ဆံ ပြန်မပို့ နိုင်သည်မှာ March လကတည်းက။ သူကလည်း ပြန်လာချင်သည်။ သို့သော် ပြန်လာပြီး ဘာလုပ်ရမှန်းမသိ။ မြန်မာပြည်တွင် ရှိနေသူတို့တောင် မသေထမင်း မသေဟင်း စားနေရချိန်။ ကျွန်တော့အား မေးပါသည် " သူဘာဆက်လုပ်ရမလဲ ။ "

ကျွန်တော် ကတော့ လက်ရှိ မြန်မာပြည် ၏ အခြေအနေအမှန်အား ပြောပြရပါသည်။ ကိုဟင်လည်း စင်္ကပူ မှ ပြန်လာသူ ဖြစ်ပါသည်။ သို့သော် မြန်မာပြည်တွင် ဘာမှ မလုပ်စားတတ်။ တတ်ခဲ့သည့် ပညာရပ်ကလည်း မြန်မာပြည်တွင် အလုပ်မဖြစ်သေး။ ဆိုတော့ ကိုဟင် ကံကောင်းသည်ဟုသာ ဆိုရပါမည်။

ဆေးဝါးအကြောင်း နားလည်သည့် အမျိုးသမီးကို ယူထား၍ သာ ယခု ဆေးဆိုင်ဖွင့်ကာ ဆေးရောင်း စားနေရပါသည်။ ဟုတ် ကဲ့။ ရောင်းလိုက် စားလိုက် နှင့်မို့ ရောင်းစားသည်ဟု ဆိုရခြင်း ဖြစ်ပါသည်။ အထက်ပါ အကြောင်းအရာတို့မှာ Covid ဒုတိယလှိုင်နှင့် ဆက်စပ်တွေးမိသော အတွေးများ ဖြစ်ပါသည်။

Covid-19 ကူးစက်ရောဂါသည် ရောဂါမို့လို့သာ တော်ပါသေးသည်။ အကယ်၍ Covid-19 ဟူသည်မှာ လူသား တယောက် ဖြစ်ခဲ့သော်။ ဟုတ်ကဲ့ ။ ကိုဟင် စျေးသွားဝယ်စဉ် ငါးစိမ်းသည် တယောက်ပြောသော စကားအား ဖေါက်သည် ချပါရစေ။ ထိုငါးစိမ်းသည်ကလည်း မည်မျှ စျေးမရောင်းကောင်းသည်မသိ။ အော်ကြီးဟစ်ကျယ်နှင့် " Covid .... ကိုယ်မေ....... ကိုယ်.. Covid.... ရောဂါမို့လိုသာပေါ့.... လူသာဆို တက်ပြီး ပွတ်ပလိုက်တယ်... ဟူလို။ ကိုင်ထားသည်က ငါးကြေးခွံချွတ်သည့် သံ Brush ကြီး နှင့်။

Henry Aung ( Kachin )