Posts

ကျန်းမာရေး ဈေးကွက်

avatar of @htwegyi
25
@htwegyi
·
0 views
·
1 min read

မန္တလေးကျုံးဘေးသို့ နေ့စဉ် ညနေတိုင်းကျွန်တော် လမ်းလျှောက်ဖြစ်သည်။ ထိုလမ်းလျှောက်သည့်အကြောင်းကို ကျွန်တော်ရေးခဲ့သည့် ပိုစ့်များတွင် ရံဖန်ရံခါ ထည့်သွင်းရေးသားခဲ့သည်။ နွေ၊ မိုး၊ ဆောင်း ကြိုက်သည့်ရာသီ၊ ကြိုက်သည့်အချိန်မှာ မန္တလေးကျုံးဘေး လမ်းလျှောက်ပါလေ။ ရာသီသုံးလီလုံး စိတ်ချမ်းသာစေသည်။

ယခုလို ကိုဗစ်ကာလမှာပင် မန်းကျုံးဘေး လမ်းလျှောက်သူတို့က များပြားလှသည်။ လမ်းလျှောက်သူများသည် ကျုံးအပြင် လမ်းလျှောက်သူနှင့် ကျုံးအတွင်း လမ်းလျှောက် သူဟူ၍ နှစ်မျိုးရှိသည်။ ကျုံးအပြင် လမ်းလျှောက် သည်မှာ ကားလမ်းဘေးရှိ ပလက်ဖောင်းပေါ် လျှောက်ခြင်းဖြစ်သည်။

ကျုံးအတွင်း လမ်းလျှောက်သည်မှာ ကျုံးနှင့် နန်းမြိုရိုးကြား မြေကွက်လပ်တွင် ကားငယ်များ ဖြတ်မောင်းနိုင်ရန် ကျောက်သေးများခင်းထား သည့် လမ်းကလေးရှိသည်။ အဆိုပါလမ်း ကလေးတွင် လမ်းလျှောက်သူတို့က လမ်းလမ်းလျှောက်ခြင်းဖြစ်သည်။ ထိုလမ်းကလေးသို့ ကျွန်တော်ဝင်ရောက်ရာတွင် 26ဘီလမ်း၊73လမ်း မှ အမြဲဝင်ရောက်သည်။

လမ်းကလေး၏ ဘေးတစ်ဖက်တစ်ချက်တွင် အလှဆင်အုတ်လေးများဖြင့် သမံတလင်းခင်းထားကာ အများပြည်သူတို့ နားနေရန်ပြုလုပ်‌ထားသည်။ သမံတလင်းဘေးတွင် မြေကွက်လပ်များချန်ကာ ဘဲစားမြက်များ စိုက်ပျိုးပေးထားသည်။ ထိုအပြင် ‌ကျန်းမာရေးလေ့ကျင့်ခန်းများ
ပြုလုပ်ရန်အတွက် လေ့ကျင့်ရေးပစ္စည်းများ ကိုလည်း ထားရှိပေးထားသည်။

နားနေအပန်းဖြေရန် ခုံလေးများကိုလည်း ပြုလုပ်ထားရှိပေးသည်။ ထိုခုံလေးများမှ ထိုင်၍ ကျုံးရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့် လေနုအေးများကို ခံစားပြီး 26ဘီလမ်းမှ ကားများ နှင့် တိုက်တာများကို ငေးမောကြည့်ရှုနိုင်သည်။ သမံတလင်းများပေါ်တွင် နံနက်နှင့် ညနေများတွင် အုပ်စုလိုက် က ၍လေ့ကျင့်ခန်းပြုလုပ်သူများ ရှိသည်။

ထိုကခုန်သူများတွင် အမျိုးသမီးဦးရေများပြားပြီး ရှားရှားပါးပါး အမျိုးသား တစ်ဦး၊ နှစ်ဦးကိုလည်း တွေ့ရသည်။ တခါတရံ ကခုန်သူတို့အား နည်းပြ များက လာရောက်ပြသသည့်အခါ နည်းပြများတွင် အမျိုးသားနည်းပြများကိုလည်း တွေ့ရသည်။ ကခုန်သူ အမျိုးသမီးများတွင် တရုတ်အမျိုးသမီးများကဦးဆောင်သည်။

အဆိုပါ ကခုန်သူများသည် ကျန်းမာရေးအတွက် ကခုန်ခြင်းအပြင်၊ စီးပွားရေး၊ လူမှုရေးများလည်း ပါဝင်ပေသည်။ သူတို့အနီးဖြတ်သန်းသွားတဲ့အခါ တစ်ဦးနှင့် တစ်ဦး ယူဆောင်လာသည့်ပစ္စည်းများကို ရောင်းချပြုလုပ်နေသည်ကိုတွေ့မြင်ရသည်။ ထိုအခြင်းအရာကိုကြည့်ခြင်းဖြင့် တရုတ်တို့၏ စီးပွားရေးစျေးကွက်ကို အမြင်ကို မအံ့သြဘဲ မနေနိုင်တော့ပေ။

@htwegyi